တောင်ကြီးမြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ မြသီရိခန်းမ၌ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားရာမှာ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုက အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်တယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါကြောင်း၊ ဒါကြောင့် ကျွန်တော်တို့ရဲ့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်ရန် တည်ဆောက်တဲ့နေရာမှာ ဒီခန်းမအတွင်းမှာရှိတဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေဖြစ်ကြတဲ့ ကျောင်းသား၊ ကျောင်းသူလေးများဟာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်နေရန်နှင့် အသိပညာ၊ ဗဟုသုတများပြည့်ဝနေစေဖို့ အထူးလိုအပ်လှပါကြောင်း၊ ဒါ့ကြောင့်မို့လည်း နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ အခြေခံပညာကျောင်းတွေကို အခြေခံပြီးတော့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေကို ကျွန်တော်တို့ရဲ့ ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းလုံး ကျင်းပဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း ဒီပွဲတော်ကနေရရှိခဲ့တဲ့ စာဖတ်ခြင်း အလေ့အကျင့်ကောင်းတွေကို မိမိတို့ဘဝတစ်လျှောက်လုံး အလေ့အကျင့်ဖြစ်သွားအောင် မိမိကိုယ်တိုင်ပျိုးထောင်မွေးမြူပေးကြဖို့လည်းတိုက်တွန်းမှာကြားလိုပါကြောင်း ထည့်သွင်းပြောကြားသည်။

ယင်းနောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ရှမ်းတိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး ကျောင်းသူတစ်ဦးက တစ်ပင်တိုင်အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ယင်းနောက် စာပေပညာရှင်များအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကာယ၊ ဥာဏပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။

ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများက သရုပ်ပြတင်ဆက်ပေးခဲ့ကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပညာဘဏ်တိုက် စာကြည့်တိုက်" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင် )