ဒဂုံတောင် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်ကျက်သရေဆောင်အောင်ဗောဓိဆုတောင်းပြည့်စေတီတော် အပြင်လိုဏ်အား အကြီးစားပြင်ဆင်နိုင်ရေးအတွက် ဒုတိယအကြိမ်အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ကြွရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းက သီရိမင်္ဂလာဆရာတော် ဘဒ္ဒန္တအာဒိစ္စ ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ဘုရားများအား လှူဖွယ်ဝတ္ထုများကို တာဝန်ရှိသူများက အသီးသီးဆက်ကပ်လှူဒါန်းကြပြီးနောက် စေတီတော်ကြီးအပြင်လိုဏ် အကြီးစားပြင်ဆင်နိုင်ရန်အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ အလှူရှင်များကိုယ်စား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုလက်မှတ်များကို တာဝန်ရှိသူများက ချီးမြှင့်ကြပြီး စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးနိုင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကောဝိဒ (မဟာသဒ္ဒမ္မဇောတိကဓဇ) ဆရာတော်ဘုရားက စေတီတော်ကြီးအားအကြီးစားပြင်ဆင်နိုင်ရန် ဩဝါဒကထာနှင့် လှူဒါန်းမှုအစုစုအတွက် အနုမောဓနာ ရေစက်ချတရား ချီးမြှင့်ဟောကြားပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပကြောင်း သိရသည်။
နေမျိုးအောင်