မိတ္ထီလာ ဇန်နဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ခရိုင်ရဲတပ်ဖွဲ့သင်တန်းခန်မးတွင်ကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြသန်းက အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။
ထိုနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြသန်း၊ သက်ဆိုင်ရာရဲစခန်းမှူးများ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ မိသားစုဝင်များနှင့်အတူ မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ