သာစည်မြို့နယ် အခြေခံပညာကျောင်းများရှိ KG ကျောင်းသား/သူ ၄၀၅၄ ဦးအား ကျောင်းတွင်း အာဟာရကျွေး

သာစည် ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က အမှတ်(၄)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါကျောင်း၌ အာဟာရကျွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝတ်မှုံအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ/မများက စနစ်တကျကျွေးခဲ့ကြပြီး ကျောင်းသား/များအားလုံး ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့်ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့် ပညာရေးတိုးတက်မှုများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန်ရည်ရွယ်၍ ကျောင်းတွင်းအာဟာရကျွေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ အဏုအာဟာရမှုန့်ဖြည့်စွက်တိုက်ကျွေးခြင်း၊ အာဟာရအကြောင်းအသိပညာပေးခြင်း၊ အာဟာရပြည့်ဝမျှတသည့် အစားအစာများပြင်ဆင်ချက်ပြုတ်ပြသခြင်း၊ ကျောင်းမုန့်ဈေးတန်းများစစ်ဆေးခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် နေ့လယ်စာ စားပြီး သွားတိုက်ခြင်းများကို အသိပညာပေးခဲ့ကြောင်း ဒေါက်တာဝတ်မှုံအောင်ထံက သိရသည်။

သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၁၂ ကျောင်းရှိပြီး အဆိုပါကျောင်းများမှ KG ကျောင်းသား/သူပေါင်း ၄၀၅၄ ဦးကို တပြိုင်တည်း အာဟာရကျွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်