တနိုင်း ဇန်နဝါရီ ၂၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မူလွန်-ကောင်ဂျာကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းမှ အမှာစကားပြောကြားပြီး မူလွန်-ကောင်ဂျာကျောင်းမှ တာဝန်ခံကျောင်းအုပ် ဆရာကြီးဦးအောင်သူရက ဆုချီးမြင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းပြောကြားပေးခဲ့သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းစဉ်ဆုရရှိသူများနှင့် ပညာရည်ချွန်ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကာယ၊ ဉာဏဂုဏ်ပြုဆုများလည်း အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ ဌာနဆိုင်ရာအသီးသီးနှင့် ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာကြသူများက ကျောင်းသား/ကျောင်းသူများ၏ အကပဒေသာများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြခဲ့ကြကြောင်း သိရသည်။
နေလင်းထူး(ပြန်/ဆက်)