အမရပူရ ဇန်နဝါရီ ၂၉
အမရပူရမြို့နယ်ရှိပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ကြက်ခြေနီမိတ်ဆက်သင်တန်း ဆွေးနွေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အမရပူရခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးကျော်ကျော်၊ ရတနာပုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာဒေါ်သန်းအေး၊ ဒုတိယဥက္ကဋ္ဌဒေါက်တာခင်မြတ်မာတို့က ကြိုဆိုဂုဏ်ပြုစကားနှင့် မိတ်ဆက်သင်တန်း ပို့ချရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်နှင့် လူငယ်နှင့်စေတနာလုပ်အားရှင်ဖွံ့ဖြိုးတိုးတက်ရေး မန်နေဂျာဒေါ်အေးသီရိအောင်တို့က တက္ကသိုလ်ကြက်ခြေနီလူငယ်များအား စွမ်းဆောင်ရည်တိုးတက်ရေးအတွက် ကြက်ခြေနီအခြေခံမူ(၇)ချက်၊ ကြက်ခြေနီလခြမ်းနီလှုပ်ရှားမှု၊ ကြက်ခြေနီအခြေခံမူများ၊ ကြက်ခြေနီအမှတ်အသားသင်္ကေတ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းလုပ်ဆောင်ချက်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် စေတနာလုပ်အားရှင် လူငယ်များ၏ အခန်းကဏ္ဍ၊ လိုက်နာရမည့်အချက်များကို ဆွေးနွေးရှင်းလင်းခဲ့သည်။ အဆိုပါ သင်တန်းသို့ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)