နမ့်စန်(တ) ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင်ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်ပညာရေးမှူးဒေါ်နန်းခမ်းတို့က အခမ်းအနားကို မြို့နယ်စုံညီပွဲတော်မုဒ်ဦးအရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများက တက်ရောက်လာကြသူများကို စုပေါင်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ အိမ်တွင်းမှုနှင့် လက်တွေ့သရုပ်ပြ ပြခန်းများပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို သရဖီခန်းမအတွင်း ဆက်လက်ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ပြည်နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဆရာမတစ်ဦးနှင့် ပြည်နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်သန်းထွန်းအောင်နှင့် တပ်မတော်အရာရှိများ ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက အထိမ်းအမှတ်နေ့ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲတွင်ဆုရရှိသူများနှင့် ဘာသာရပ်စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသားကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းနှင့်ဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် နမ့်စန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက မြန်မာ့ရိုးရာအကအလှများ၊ တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)