မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅)သို့ တက်ရောက်

ချမ်းအေးသာစံ ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅)အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခင်အစည်းအဝေး (၂/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးသုံးသပ်ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေနှင့်အညီ တိကျမှန်ကန်စွာဖြင့် အချိန်ကြန့်ကြာမှုမရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသိန်းဝင်းက ဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန်လွှဲပြောင်းပေးပို့ထားသည့် လုပ်ငန်းစာတွဲများအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များက အထွေထွေဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့်အကြံပြုချက်များအပေါ် ပေါင်းစပ်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်