ဟိုပုံးမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုပုံး ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက သစ်တောထိန်းသိမ်းရေး၊ သစ်တော၊ သစ်ပင်စိုက်ပျိုးပြုစုသည့် နည်းစနစ်များ၊ သစ်တော၊ သစ်ပင်များပေးစွမ်းနိုင်သည့် အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးအစီအစဉ်များကိုလည်းကောင်း၊ တောအုပ်ကြီး ဦးရဲဝင်းမှ ရေသယံဇာတရေရှည် တည်တံ့စေရေးအတွက် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောသည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)