ဟိုပုံး ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွယ်အွန့်ကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာစာကြည့်တိုက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ပတ်သက်သည်များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မူးယစ်တပ်ဖွဲ့မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်အကြောင်းကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမား များဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာသည့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့က လိုသည်များဆွေးနွေးတင်ပြရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြား သည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ စစ်တမ်းမေးခွန်းလွှာများရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)