ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယမန်နေ့  မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှုမြင့်မားလာစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီးထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ စာဖတ်စွမ်းရည်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက တိုးတက်သောလူတိုင်းသည် စာပေဖတ်ရှုသူများဖြစ်ကြောင်း၊ ဘက်စုံထူးချွန်စေရေး အားလပ်ချိန်များတွင် စာအုပ်စာပေများဖတ်ရှုသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ  ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၁)အခြေခံပညာကျောင်းမှအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ကျောင်းသား/ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များနှင့် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စုစုအေး( ကျောက်ဆည်)