(၄၂)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ မွန်/မြန်မာ ဝိနယာနုဂ္ဂဟ စာတော်ပြန်ရေးဖြေပွဲကြီးကျင်းပ

မုဒုံ  ဇန်နဝါရီ  ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် (၄၂)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံကျောင်းထိုင်ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မွန်/မြန်မာ ဝိနယာနုဂ္ဂဟစာတော်ပြန်ရေးဖြေပွဲကြီးကို ယနေ့မွန်းတည့်(၁၂)နာရီက ဓမ္မရာဇိန်ကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်သည်။

ရှေးဦးစွာ  သြဝါဒဆရာတော်ကြီးများ၊ နာယကကြီးကြပ်ရေးဆရာတော်ကြီးများနှင့် ကျောင်းထိုင်နာယက ဆရာတော်ကြီးများတို့က စာမေးပွဲဆိုင်ရာအဆင့်အတန်းများနှင့် စည်းမျဥ်းစည်းကမ်းများကို မြွက်ကြားတော်မူသည်။ ထို့နောက် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ရှင်သာမဏေ၊ သီလရှင် စုစုပေါင်း(၄၈၆)ပါးတို့မှ ရှင်ကျင့်ဝတ်နှင့် ဓမ္မပဒအာဂုံပြန်ဖြေဆိုခြင်း၊ ရဟန်းသံဃာတော်(၆၃)ပါးတို့မှ ဘိက္ခုပါတိမောက်ဘာသာ၊ ဒွေးမာတိကာဘာသာနှင့် ရှင်ကျင့်ဝတ်ဘာသာရပ်များ ရေးဖြေခြင်းတို့ကို သုံးရက်ကြာ ဖြေဆိုသွားကြမည်ဖြစ်သည်။

အဆိုပါ စာပြန်တော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သြဝါဒဆရာတော်ကြီးများက ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ဒကာများတို့က ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဥ်ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)