မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ (Book Club)အဖွဲ့မှ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးတို့ကိုရှင်းလင်းပြောကြား ဆွေးနွေးပါ သည်။ ထို့နောက် (Book Club)အဖွဲ့မှစာရေးဆရာမ မေမြတ်စန္ဒာက စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားသည့် ''လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း'' စာအုပ်မှ ''မှားမှာကိုမကြောက်ပါနဲ့'' နှင့် ''ယုံကြည်စိတ်ချမှုနဲ့ ဘဝအမြင်'' ခေါင်းစဉ်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး ဒေါ်ဘေဘီနှင့် မောင်အောင်ဖြိုးတို့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)