နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

လယ်ဝေး ဇန်နဝါရီ ၂၉

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးစဝီလီဖရန့်နှင့်ဝန်ထမ်းများ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှုးရာဇာ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက အေးချမ်းသာကျောင်းဆရာတော်ထံ ပဋ္ဌာန်းကျမ်းစာအုပ်ငါးအုပ်နှင့် နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်  စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးရေးထုတ်ကုန်များတိုးတက်ရန်၊ သီးထပ်စွမ်းအားမြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးရေး၊ စားအုန်းဆီအစား ဒေသထွက်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာထွက်ရှိ၍ ဒေသတွင်းစားသုံးဆီဖူလုံရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်အကူအညီရယူဆောင်ရွက်သွားကြရန်၊ ပညာသင်ကြားရေးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက် နိုင်ရေး၊ အတန်းစဉ်အလိုက် စဉ်ဆက်မပြတ် ကူးပြောင်းတက်ရောက် သင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာများပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ရန် မှာကြားဆွေးနွေးသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှုးရာဇာက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပြီး နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစဝီလီဖရန့်က သဘာဝဘေးအန္တရာယ်များအားကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများအား အသိပညာပေးပြောကြားသည်။ ထို့နောက် ဒေသခံပြည်သူများက လမ်း၊ လျှပ်စစ်မီး၊ ရေကာတာလိုအပ်ချက်များ တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် ဖြူစင်စေတနာပရဟိတအသင်းမှ တာဝန်ရှိသူများက အေးချမ်းသာကျေးရွာမှရေဘေးသင့်အိမ်ထောင်စုများအနက် မသန်စွမ်းနှင့် အမျိုးသမီးဦးဆောင်အိမ်ထောင်စု၊ မသန်စွမ်းအိမ်ထောင်စု၊ မိဘမဲ့အိမ်ထောင်စု ၄၅ စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်သုံးသိန်းတန်ဖိုးရှိ ဆန် တစ်အိတ်၊ ဆီ ၂၅ ကျပ်သား၊ ပဲ တစ်ပြည်၊ ဆားတစ်အိတ်နှင့်လူသုံးကုန်ပစ္စည်း ခြောက်မျိုးအားပေးအပ်လှူဒါန်းသည်။

အဆိုပါ ဖြူစင်စေတနာပရဟိတအသင်းမှ လယ်ဝေးမြို့နယ်အတွင်းရှိ အေးချမ်းသာ၊ အောင်ချမ်းသာ၊ ကွမ်းခြံ၊ ရုံးပင်၊ ဟေမာန်၊ အောင်သုခ၊ ပေါင်းလောင်းကျေးရွာများရှိ အိမ်ထောင်စု ၂၄၁ ဦးအား ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ပေါက်မြိုင်ကျေးရွာရှိ တောင်သူဦးဇော်မင်းထွန်း၏ ရေသွင်းပြောင်းစိုက်ခင်းအား ကြည့်ရှုလေ့လာကာ အင်ဂျင်အစားဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)