လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ အသက် ၂၀ အောက်၊ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လယ်ဝေး ဇန်နဝါရီ ၂၉

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား၊ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက် ၂၀ နှစ်အောက်၊ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၃ နာရီက လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲအတွက် ဘောလုံးများပေးအပ်ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က လက်ခံရယူသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်သည်။ ထို့နောက် ပြိုင်ပွဲအုပ်စုပွဲစဥ်အဖြစ်အမှတ်(၅)ရပ်ကွက် အသင်းနှင့် သာဝတ္ထိကျေးရွာအုပ်စုအသင်းတို့ စတင်ယှဥ်ပြိုင်ကစားရာ သာဝတ္ထိအသင်းက အမှတ်(၅)ရပ်ကွက်အသင်းကို ၅ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။     

လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား၊ အသက် ၂၀ အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို  ရပ်ကွက်/ ကျေးရွာအုပ်စုခုနစ်အုပ်စုမှ အသင်းခုနစ်သင်းဖြင့် ဇန်နဝါရီ ၂၇ ရက်မှ ဖေဖော်ဝါရီ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဝေကြည်( ပြန်/ဆက်)