ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကျောက်တံတား ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်လှမေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံတားမြို့နယ်ဦးစီးအရာရှိက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ၌ လူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဉာဏ်ရည်မြင့်မားလာစေရန်၊ အချင်းချင်းဗဟုသုတဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းတွေရရှိလာစေရန်၊ နှုတ်မှုစွမ်းရည်ကျွမ်းကျင်ပြီး ပြောရဲဆိုရဲစင်ပေါ်တက်ရဲသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မား၍ စာဖတ်သည့်အလေ့အထများရရှိပြီး ထက်မြက်သည့် လူတော်လူကောင်းလေးများဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဒေါ်အေးမြကြည်ကဆောင်ရွက်ပြီး လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဥ်ဖြင့် Grade-10 ကျောင်းသား မောင်ရဲရင့်အောင်၊ လူငယ်နှင့်စည်းကမ်းဖြင့် Grade-10 ကျောင်းသူ မမေမြတ်စန္ဒာ၊ လူငယ်နှင့်အခွင့်အလမ်းဖြင့် Grade-10 ကျောင်းသူမအိရွှန်းလဲ့ချို၊ လူငယ်နှင့်စာ​ကြည့်တိုက်ဖြင့် Grade-9 ကျောင်းသူ မအိမ့်မှူးပြည့်စုံတို့ကအသီးသီးဆွေးနွေးခဲ့ကြရာ ပရိသတ်များက မေးခွန်းများမေးမြန်းသည်များကို ပြန်လည်ဖြေဆိုခဲ့ကြပြီး ဆွေးနွေးခဲ့ကြသည့်ကျောင်းသား/သူ များနှင့်မေးခွန်းမေးမြန်းကြသည့်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင်  မြို့နယ်ပညာရေးမှူးနှင့်ဆရာမများ၊ စာ​ရေးဆရာမညွန့်ညွန့်(ကလော)၊ ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်တံတား(ပြန်/ဆက်)