မရမ်းကုန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နနက်(၉)နာရီအချိန်က အလုံမြို့နယ် သစ်တောဦးစီးဌာနမှကြီးမှုး၍ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးလောင်ကျွမ်းမှုထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူက သစ်တောသယံဇာတများအား ထိန်းသိမ်းရန်၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းစောင့်ရှောက်ရေး၊ တောင်ယာလုပ်ငန်းခွင်မီးရှို့မှုများမပြုလုပ်ရေး အကြောင်းအရာများ၊ ရေသယံဇာတထိန်းသိမ်းရေးအကြောင်းအရာများ၊ ရေချွေတာသုံးစွဲရေး၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသောအကြောင်းအရာများ၊ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန်နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သစ်တောဦးစီးအရာရှိ မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ကိုရဲ(မြို့နယ်ပြန်/ဆက်)