မုဒုံ ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ(နေကြာ)စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ ပြုလုပ်သည်။
ဦးစွာ မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ဒေသတွင်း စားသုံဆီဖူလုံရန်နှင့် ဆောင်းသီနှံစိုက်ပျိုးသည့်တောင်သူများ ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ သီးနှံများအောင်မြင်ဖြစ်ထွန်းဝင်ငွေတိုးစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဆီထွက်သီးနှံ (နေကြာ) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာလေးရွာရှိ တောင်သူ(၁၀၀)ဦးအား လျာထားဧက(၅၀၀)အတွက် ချေးငွေများထုတ်ချေးပေးခြင်းနှင့် သွင်းအားစုများကိုပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တောင်သူများက လုပ်ငန်းခွင်လိုအပ်ချက်များအား တင်ပြ၍တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မုဒုံမြို့နယ်တွင် ယခုနှစ်စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနေကြာ (၁၅၀၀)ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်တွင် (၁၅၁၂) ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)