ဇမ္ဗူသီရိ ဇန်နဝါရီ ၂၉
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာကိုကိုလင်း (အမေ့အိမ်)ရေးသားသည့် "လူကြီးတွေက စပြင်ပါ (လူငယ်ခံစားမှုအတွေးစာစုများ)" စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာ၊ ဆရာမများဖြစ်သော ဦးစောမျိုးအောင်(အိုင်ပီမျိုးအောင်)၊ မောင်ကျော်ဇော(ရှင်မတောင်နံ့သာမြေ)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ခိုင်မင်း(နေပြည်တော်)၊ ကိုလင်း(အညာမြေ)၊ အညာသားဗထူး(ကျားတက်မြေ)၊ ဦးဝင်းကို(ယုံလေး)၊ လုံမငယ်(လူမှု)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်)ရေးသားသည့် "လူကြီးတွေက စပြင်ပါ (လူငယ်ခံစားမှုအတွေးစာစုများ)" စာအုပ်အား ဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို ပြန်လည်ဆွေးနွေးခဲ့ပြီး သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ဆက်လက်၍ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပရာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများ အောင်မြင်ရေး၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာကြည့်တိုက်ကို အားကိုးအားထားပြုတတ်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေး၊ စာကြည့်တိုက်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရေး၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်ကော်မတီဝင်များက စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နီလာစိုးက ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်များအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)