တောင်ဥက္ကလာပ ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန် ယနေ့နံနက်(၁၀း၀၀)နာရီအချိန်က အမှတ်(၅)ရပ်ကွက် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုသို့ဆောင်ရွက်ရာတွင် ခြင်ပေါက်ဖွားမှုများပြားနိုင်သည့်အတွက် ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်ရေး၊ ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေအုတ်ကန်များအတွင်း အဘိတ်(abate) ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးအေးမိုးက ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အမှတ်(၇)အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)