မိုင်းနောင် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အ.ထ.ကမိုင်းနောင်နှင့် အ.မ.က(၂၈၆)ကျောင်းတို့တွင် KG ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများကို ယနေ့ နေ့လည်(၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.ကကျောင်းနှင့် အ.မ.ကကျောင်းများရှိ တာဝန်ခံဆရာ/ဆရာမများနှင့် တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမဒေါ်နန်းမေထားနှင့်ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ အစာမစားမီလက်ကို သန့်ရှင်းစင်ကြယ်စွာဆေးကြောစေခြင်း၊ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်သတ္တုဓာတ်နှင့် ရေဓာတ်များပါဝင်သည့် အာဟာရဖြစ်စေသော ထမင်း၊ဟင်းများဖြင့် ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်များဖြစ်လာမည့် KG ကျောင်းသား၊ကျောင်းသူများအားလုံး ကျန်းမာကြံ့ခိုင်ရေး၊ အာဟာရပြည့်ဝရေး၊ ဥာဏ်ရည်များတိုးတက်ရေးမြှင့်မားကာ လူ့မှုပတ်ဝန်းကျင်အတွင်း ထူးချွန်ထက်မြက်သည့် သားကောင်းရတနာလေးများဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)