တာလေမြို့၌ စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာ အခွင့်အရေး လိုင်စင်များ လေလံရောင်းချပွဲကျင်းပ

တာလေ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာလေမြို့နှင့် ကျိုင်းလပ်မြို့တို့၏ မြို့နယ်ခွဲစည်ပင်သာယာရေးအဖွဲ့များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား အိပ်ဖွင့်လေလံစနစ်ဖြင့် လေလံရောင်းချပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်ရှိ ဦးကျော်မင်းထိုက်က အဖွင့်အမှာစကားပြေားကြားခဲ့ပြီး တာလေမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်ခွဲတာဝန်ခံ ဦးမနားရွှီးက လေလံစည်းမျဉ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လေလံရောင်းချပွဲတွင် သားသတ်လိုင်စင် (၈) ခုအတွက် ငွေကျပ် (၆၀.၂) သန်း၊ အခြားအခွင့်အရေးလိုင်စင်ဖြစ်သည့် စျေးကောက်လိုင်စင်၊ မြို့ဝင်ဘီးခွံကောက်ခံခွင့် လိုင်စင်စသည့် (၃) ခုအတွက် ငွေကျပ် (၄၇.၂) သန်း၊ စုစုပေါင်း လိုင်စင် (၁၁) ခုအတွက် ငွေကျပ် (၁၀၇.၄) သန်းရောင်းချနိုင်ခဲ့ပြီး ရရှိသည့် အခွန်ငွေများကို မြို့ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ ရေပေးဝေရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအတွက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် လေလံအောင်မြင်စွာ ရောင်းချနိုင်ရေးအတွက် တာချီလိတ်မြို့နယ် လူဝင်မှုကြည့်ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သက်နိုင်နှင့် တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့အဖြစ်လည်းကောင်း၊ မြို့နယ်ခွဲတာဝန်ခံဦးမနားရွှီးကနှင့် ဝန်ထမ်းများမှ ရောင်းချရေးအဖွဲ့လည်းကောင်း ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးလရောင်(ပြန်ဆက်)