စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ လက်တွေ့ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

နောင်တရား ဇန်နဝါရီ ၂၈

စိုက်ပျိုးရေးတောင်သူများ သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရန်နှင့် သဘာဝမြေဩဇာသုံးစွဲခြင်းဖြစ် မီးခိုးမြူလျော့ချနိုင်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ စိုက်ပျိုးရေးတောင်သူများအတွက် အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ လက်တွေ့ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲကို ပေါ့အင်ကျေးရွာအုပ်စု ထီရွေးထီရယ်ကျေးရွာ တောင်သူဦးဘသော်၏ တစ်ကွင်းတစ်စပ်တည်း ကြက်သွန်ဖြူ ဧက(၄၀)စံပြစိုက်ခင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။

စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပုံ လက်တွေ့ပြုလုပ်နည်းအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများက မြေဆွေးလက်တွေ့ပြုလုပ်နည်းကို သရုပ်ပြဆောင်ရွက်သည်။ ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် စိုက်ပျိုးရေးတောင်သူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးပြီး မြို့နယ်ဦးစီးမှူးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။ ကွင်းသရုပ်ပြဆောင်ရွက်ခြင်းကြောင့် စိုက်ပျိုးရေးတောင်သူများ သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်တက်စေခြင်း၊ သီးနံစွန့်ပစ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းကြောင့်ထွက်လာသည့် မီးခိုးမြူများကို လျော့ချနိုင်စေခြင်း၊ EM အကျိုးပြုအဏုဇီဝ ပိုးများ၏အစွမ်းသတ္တိကြောင့် စိုက်ပျိုးမြေဂုဏ်သတ္တိများတိုးတက်လာပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်နိုင်စေခြင်းနှင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာ တွဲဖက်အသုံးပြုစေသည့် အလေ့အထများရရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။

ကွင်းသရုပ်ပြပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဒေါ်သက်သက်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စိုက်ပျိုးရေးတောင်သူများက တက်ရောက်လေ့လာကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)