အမရပူရ ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ သာလှအေးကျေးရွာရှိ တောင်သူဦးထွန်းထွန်းဦးပိုင် ကွင်းအမှတ် ၅၇၀/ ခ၊ ပေါက်အင်းကွင်း၊ ကွင်းအမှတ် ၁၅/ ၁ ရှိ၄.၉၈ ဧကလယ်မြေတွင် ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက Round Baler (ကောက်ရိုးထုံးစက်)၊ Rotary Mulcher (ကောက်ရိုး ဖြတ်ခုတ်စက်)များအသုံးပြု၍ တောင်သူအကျိုးပြုလုပ်ငန်းများ သရုပ်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစက်များအသုံးပြုခြင်းကြောင့်တောင်သူများ လယ်ကွင်းအတွင်းရှိ ကောက်ရိုးများအား Round Baler ကို အသုံးပြု၍ သိမ်းဆည်းနိုင်သဖြင့် အလွယ်တကူမြေပြုနိုင်ခြင်း၊ ကောက်ရိုးများကို အထုံးများပြုလုပ်နိုင်ခြင်းကြောင့် တစ်နေရာမှတစ်နေရာသို့ အလွယ်တကူ သယ်ယူနိုင်ခြင်း၊ ကောက်ရိုးထုံးများကို အဆင့်ဆင့်ထပ်၍ ဂိုဒေါင်အတွင်းအများအပြား သိုလှောင်သိမ်းဆည်းနိုင်ခြင်းတိရစ္ဆာန်အစာအတွက် မိမိလိုအပ်သောအချိန်တွင် အလွယ်တကူ ထုတ်ယူအသုံးပြုနိုင်ခြင်း၊ တိရစ္ဆာန်အစာနှင့်အခြားလုပ်ငန်းများအတွက် လိုအပ်သော အခြားတောင်သူများကို ရောင်းချခြင်းဖြင့် ဝင်ငွေထပ်မံရရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှပြောကြားခဲ့သည်။
အဆိုပါ တောင်သူအကျိုးပြုလုပ်ငန်းသရုပ်ပြပွဲသို့ ဖိတ်ကြားထားသော တောင်သူများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ထွန်စက်ပိုင်ရှင် တောင်သူများက လေ့လာကြည့်ရှုခဲ့ကြသည်။
စိုးသီဟ(အမရ)