ရမည်းသင်း ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၌ ဒေသတွင်းစားသုံးမှုဖူလုံစေရန်အတွက် ကြက်သွန်နီသီးနှံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ရမည်းသင်းခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကြက်သွန်နီ(၁၀၅၀)ဧက စိုက်ပျိုးထားကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီဌာနမှ သိရသည်။
ကြက်သွန်နီသီးနှံ စိုက်ပျိုးသည့်တောင်သူတွေကို ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းရရှိစေရန် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ ပျိုးထောင်မှုမှန်ကန်ရေး၊ စိုက်နည်းစနစ် မှန်ကန်ရေး၊ တောင်သူများအကျိုးအမြတ်ရရှိစေရန်နှင့် စနစ်တကျစိုက်ပျိုးရေး တောင်သူပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှကွင်းဆင်း၍ တောင်သူများနှင့် ဝိုင်းဖွဲ့ဆွေးနွေးအကြံပြုလျက်ရှိသည်။
နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ကျေးလက်နေတောင်သူများဝင် ငွေတိုးပွားပြီးကြက်သွန်နီကို စီးပွားဖြစ် စိုက်ပျိုးနိုင်စေရန်အတွက် ရမည်းသင်းမြို့နယ် ကန်ဆွယ်အုပ်စု၊ ကန်မြင့်ရွာမှ တောင်သူ (၃၈)ဦး(၁၅၀)ဧက၊ ပျော်ဘွယ်မြို့နယ် ထရံကာကျေးရွာတောင်သူ(၅၀)ဦး (၂၅၀)ဧက၊ တောတွင်လှကျးရွာ တောင်သူ(၃၃)ဦး(၂၀၀)ဧက၊ လွဲပေါက်ကုန်းကျေးရွာ တောင်သူ(၄၈)ဦး(၂၀၀)ဧကနှင့် ချောင်းမကြီးကျေးရွာ တောင်သူ(၅၈)ဦး(၂၅၀)ဧက စုစုပေါင်း ရမည်းသင်းခရိုင်အတွင်း (၁၀၅၀) ဧကကို စိုက်ပျိုးထားကြောင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကြက်သွန်နီတစ်ဧက စိုက်ပျိုးလျှင် မျိုးစေ့(မျိုးဥ) ဝယ်ယူခြင်း၊ သွင်းအားစုအမျိုးမျိုးဝယ်ယူခြင်း၊ ထွန်ယှက်ခ၊ အလုပ်သမားငှားရမ်းခနှင့် ရေသွင်းခစသည့် ကုန်ကျစရိတ်စုစုပေါင်းမှာ (၂၅)သိန်းခန့် ကုန်ကျကြောင်း ကံမြင့်ကျးရွာ ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူ ဦးဇော်မိုးထွန်းမှ ပြောသည်။
ကြက်သွန်နီစိုက်ပျိုးခြင်းဖြင့် ဝင်ငွေနှင့်အကျိုးအမြတ်မှာ တစ်ဧကပိဿာ(၅၀၀၀)အထက် ထွက်ရှိပြီး ယနေ့ပေါက်ဈေးနှုန်းဖြင့် ကြက်သွန် နီစိုက်တောင်သူ တစ်ဧက ကျပ်သိန်း(၁၅၀)ခန့် ရရှိ၍ တောင်သူများ အကျိုးအမြတ်များစွာရရှိကြောင်း ကံမြင့်ရွာမှ တောင်သူ ဒေါ်ဇင်မာထွေးက ပြောကြားခဲ့သည်။
ရမည်းသင်းခရိုင်အတွင်း စိုက်ပျိုးစရိတ်ကုန်ကျမှုကို အထောက်အကူပြု ရင်းနှီးနိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကြက်သွန်နီသီးနှံ စိုက်ပျိုးလျက်ရှိပြီး ရမည်းသင်းခရိုင်အတွင်း ကြက်သွန်နီ ပိဿာငါးဆယ်နှစ်သိန်းငါးသောင်းကျော် ထွက်ရှိမည်ဖြစ်၍ ဒေသတွင်း စားသုံးမှု ဖူလုံကာ ကျေးလက်နေပြည်သူများဝင် ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)