မြစ်သား ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄) ကြိမ်မြောက် တပို့တွဲလ(နှမ်းမနဲ)ပွဲတော်တွင် ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသားဂိုးလတ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရွှေမုဋ္ဌောဘုရားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ဘောလုံးအသင်း (၁၂)သင်းအား ယှဉ်ပြိုင်ကစားကြမည့်ပွဲစဥ်တစ်လျှောက်လုံးတွင် စည်းလုံးညီညွတ်ပျော်ရွှင်စွာ အနိုင်၊ အရှုံး ပဓာနမထားဘဲ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားကြရန်မှာကြားခဲ့ပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင့်လွင်ဦးကအားကစား သမားလူငယ်များပေါ်ထွန်းလာရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် ရွှေဒုံးပျံ ဘောလုံးအသင်းနှင့်Adventure ဘောလုံးအသင်းတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က ဘောလုံးကိုကွင်းလယ်သို့ကန်ပြီးစတင်ယှဉ်ပြိုင် ကစားခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြဆရာများ၊ ဒေသခံပြည်သူများကြည့်ရှုအားပေးကြပြီး ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ (၂၇) ရက်နေ့မှ စတင်၍ အုပ်စုပွဲစဥ်အလိုက် တစ်နေ့ပွဲစဥ် (၂)ကြိမ်ယှဥ်ပြိုင်ကစားကာ (၁၅) ရက်ကြာယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပထမဆု (၅) သိန်း၊ ဒုတိယဆု (၃) သိန်းနှင့် တတိယဆု (၂)သိန်းဆုများ အသီးသီးချီမြှင့်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)