အောင်မြေသာစံ ဇန်နဝါရီ၂၈
သာသနာ့ဟိတဓဇနာယက ရသေ့ကြီးဦးခန္ဏီ အထိမ်းအမှတ် (၇၆) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲတော်ကို ယနေ့နံနက် ၆ နာရီက မန္တလေးတောင်ခြေရှိ အဘယာရာမ မိုးထိကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါဆွမ်းလောင်းပွဲတွင် မန္တလေးအရှေ့ပြင်နှင့် မြောက်ပြင်ရပ်ရှိ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာတော် (၆၅၈) ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့်နဝကမ္မအလှူငွေများကို စေတနာရှင် အလှူရှင်များက မဲနှိုက်ကာ ဆက်ကပ်လောင်းလှူကြသည်။
ထို့နောက် ကိုးခန်းကြီးမြတ်စွာဘုရားဓမ္မာရုံတွင် ရေစက်ချအခမ်းအနားကိုကျင်းပရာ မန္တလေး တောင်တော်ဩဝါဒစရိယ သာသနာ့ဓဇဓမ္မာစရိယ၊ ဂန္ဓဝါစကပဏ္ဍိတ၊ မိုးထိတိုက်၊ စည်သာကျောင်းဆရာတော် ဦးဓမ္မသာရက ရေစက်ချတရားနှင့် အနုမောဓနာတရား ချီးမြှင့်ဟောကြားရာ မန္တလေးတောင်တော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဆွမ်းလောင်းပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ကော်မတီဝင်များ၊ အလှူရှင်များက ရေစက်ချအမျှပေးဝေကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)