တံတားမြို့ စင်မကော်ကျေးရွာအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေး

တံတား ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ စင်မကော်ကျေးရွာနေပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက် (၉) နာရီအချိန်က စင်မကော်ကျေးရွာအတွင်းရှိနေအိမ်များသို့ မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် တံတားနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၄) ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကျေးရွာအတွင်းရှိနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်အတူ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှအိပ်ကြရန် လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များမီးရှို့လိုပါက မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ ဆောင်ရွက်သွားရန်ပြောကြားခဲ့ပြီး မီးသတိပြုဆောင်ရွက်ရန် အိမ်ခြေ (၁၅၀) အား လိုက်လံစစ်ဆေးခဲ့သည်။

တံတားမြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်နေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ယာဥ်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ မီးဘေးသရုပ်ပြခြင်းနှင့် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းများကို စဥ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်ဆုပြည့်(ပြန်/ဆက်)