တံတား ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပသော ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က တံတားမြို့ အ.မ.က(မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “ဘဝနှင့်အောင်မြင်မှု” ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များအနေဖြင့် ဘဝအောင်မြင်မှုရရှိစေရန်အတွက် အမြဲကြိုးစားနေကြရသည်ဖြစ်ရာ မိမိ၏ ဇွဲ၊ လုံးလ၊ ဝီရိယတို့ကို အထူးအလေးထားကြိုးစားရမည်ဖြစ်သလို ပတ်ဝန်းကျင်ကောင်းကိုလည်း ရွေးချယ်ထားရှိရမည်ဖြစ်ကြောင်း၊ အောင်မြင်မှုမှတ်တိုင်သည် လူ့ဘဝ၏ တန်ဖိုးတစ်ခုစံနှုန်းသတ်မှတ်ထားကြခြင်းဖြစ်ကြောင်း အောင်မြင်မှုအတွက် စိတ်ရှည်သည်းခံနိုင်စွမ်းရှိဖို့ လိုအပ်ကြောင်း၊ မိမိအောင်မြင်မှုရရှိရန် မိမိတာဝန်တစ်ရပ်ဟု ခံယူသင့်ကြောင်း၊ မိမိ၏ယုံကြည်မှုစိတ်သည် အောင်မြင်မှုစိတ်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ပန်ဆုပြည့် (ပြန်/ဆက်)