ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နေကြာသီးနှံဖြည့်စွက်ဝတ်မှုန်ကူးပွဲနှင့်မတ်ပဲသီးနှံ ယူရီးယာ၊ လက်ချား ရောစပ်အသုံးပြုခြင်း လက်တွေ့ကွင်းပြပွဲတက်ရောက်ကြည့်ရှုအားပေး

စစ်တွေ   ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် ရေဆင်းစပ်မျိုး- ၁ နေကြာသီးနှံ ဖြည့်စွက် ဝတ်မှုန်ကူးပွဲနှင့်မတ်ပဲသီးနှံ ယူရီးယာ၊ လက်ချားရောစပ်အသုံးပြုခြင်း လက်တွေ့ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စံပြစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့နှင့် ပညာပေးစာအုပ်များအား ပေးအပ်ချီးမြှင့် သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ကြည်ဝင်း က ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ စစ်တွေမြို့၏ ဆောင်းသီးနှံစိုက်ပျိုးမှုအခြေအနေများနှင့် ရေဆင်းစပ်မျိုး - ၁ နေကြာ သီးနှံမျိုးစေ့ထုတ် စိုက်ခင်းဖြည့်စွက်ဝတ်မှုန်ကူးခြင်း၊ မတ်ပဲသီးနှံ ယူရီးယား၊ လက်ချားသုံးစွဲခြင်းတို့အား ရှင်းလင်းတင်ပြပြီး စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အနောက်စံပြရပ်ကွက်၊ စံပြစိုက်ကွင်း လယ်မြေ (၆)ဧကအား အဆင့်မြင့်လယ်ယာ ဖော်ထုတ်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး အဆင့်မြင့် လယ်ယာမြေဖော်ထုတ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရေသွင်း၊ ရေထုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများဖြင့် စနစ်တကျဖော်ထုတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နေကြာသီးနှံမျိုးစေ့ ထုတ်(၁)ဧကစိုက်ခင်းတွင် ဖြည့်စွက်ဝတ်မှုန်ကူးခြင်း ဆောင်ရွက်နေမှုကိုကြည့်ရှု အားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးပညာရှင်များက ဝတ်မှုန်ကူးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးကျေးဇူးများနှင့်အထွက်နှုန်းကောင်းမွန်မှုရှိခြင်းတို့ကို လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတ်ပဲသီးနှံစံပြကွက်(၄)ဧက စိုက်ခင်းအတွင်း ယူရီးယား၊ လက်ချားရောစပ်ကာ ပက်ဖျန်းပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား ယူရီးယား၊ လက်ချားရောစပ်ခြင်းနှင့်ရရှိနိုင်သောအကျိုးကျေးဇူးများအကြောင်း လက်တွေ့သရုပ်ပြသခြင်းနှင့် ပညာပေးဆွေးနွေးခြင်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)