တံတားဦး ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းတွင် ပညာသင်ယူနေသော KG တန်းမှ ကျောင်းသား/သူ ၂၄၃၂ ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယမန်နေ့နံနက်ပိုင်းက တံတားဦးမြို့ မြို့မ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးသည့်နေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၊ တံတားဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တံတားဦး ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ မြို့မအခြေခံပညာအလယ်တန်းကျောင်း KG တန်းမှ ကျောင်းသား/သူများအား အာဟာရကျွေးမွေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တံတားဦးအခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ KG တန်းမှ ကျောင်းသား၊ ကျောင်းသူ(၅၃)ဦးအား အာဟာရကျွေးမွေးခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းရှိ KG တန်းမှ ကျောင်းသား၊ ကျောင်းသူ ၂၄၃၂ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ပြုလုပ်ဆောင်ရွက်ကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)