မြန်မာ-လာအိုနယ်စပ်၊ ကျိုင်းလပ်မြို့၌ သုံးဆူကပ်ကျော်စေတီ ထီးတော်တင်နှင့် နဂါးရုံဘုရား၊ ဆရာတော်စံကျောင်းဆောင် ရှင်ဥပဂုတ္တတို့အား ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ကျိုင်းလပ် ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့၌ သုံးဆူကပ်ကျော်စေတီ ထီးတော်တင် အလှူတော်မင်္ဂလာနှင့် နဂါးရုံဘုရား၊ ဆရာတော်စံကျောင်းဆောင် ရှင်ဥပဂုတ္တတို့အား ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုင်းလပ်မြို့၊ မြန်မာ-လာအိုနယ်စပ် မဲခေါင်ဗျူးပွိုင့် (Mekong View Point) ကမ်းခြေတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သုံးဆူကပ်ကျော်စေတီ ထီးတော်အလှူရှင် ဦးကျော်ဆန်းမင်း (မြေစာရင်း)၊ ဒေါ်ခင်စန်းကြည် (ပညာရေး) မိသားစုနှင့် နဂါးရုံဘုရား၊ ဆရာတော်စံကျောင်းဆောင် ရှင်ဥပဂုတ္တ အလှူရှင်  ရဲမှူးကြီး အောင်ဇော်မိုး၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)၊ ကျိုင်းလပ်တပ်ဖွဲ့ဝင်များ၊ ဦးခင်မောင်ဇော်နှင့် ကျိုင်းလပ် မြို့သူ၊ မြို့သား အလှူရှင်များက ဘဒ္ဒန္တပညာစာရအဂ္ဂဓမ္မ အဘိဝိသေသလဇ္ဇီပေသလသာသနာလင်္ကာရ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ ပုံလို့တောရ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်ဒေသနာတော်မြတ်တို့ကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ ရဲမှူးကြီး အောင်ဇော်မိုးနှင့် အလှူရှင်များက ပုံလို့တောရ ဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော် သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကာ ရေစက်ချ တရားတော်နာကြသည်။

ယင်းနောက် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နာတော်များအား အလှူရှင်များက ပင့်ဆောင်ပြီး စေတီတော်မြတ်အား လှည့်လည်၍ ပူဇော်ကာ စိန်ဖူးတော်နှင့် ရွှေထီးတော်များကို စေတီတော်ကြီးတွင် တင်လှူပူဇော်ခဲ့ကြသည်။

ယင်းနောက် သံဃာတော်များက စေတီတော်အား ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပြီး အလှူရှင်များက ရွှေမိုး၊ ငွေမိုး ရွာသွန်းခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)