ပုဇွန်တောင် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း မြတ်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်မိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဟန်စုယဉ်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းမှ Grade- 7 ကျောင်းသူ မဆုလာဘ်ဇာနည်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 7 ကျောင်းသူ မသွန်းရတီထွဋ်က လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 8 ကျောင်းသား မောင်အောင်ကောင်းခန့်က လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 7 ကျောင်းသူ မမေမြင့်မိုရ်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 7 ကျောင်းသား မောင်စံလင်းနိုင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 8 ကျောင်းသား မောင်အားမာန်ပြည့်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးမှုအကြောင်းအရာများအပေါ် သိရှိလိုသည့်မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူလေးများက မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး လူငယ်စကားဝိုင်း ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား မေတ္တာလက်ဆောင်များ တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်စန်းက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။ လူငယ်စကားဝိုင်းအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ အမျိုးသမီးအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်