ချမ်းအေးသာစံ ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ရေမြေကောင်းမွန်သည့် စိုက်ပျိုးနိုင်သော လယ်ယာမြေများ ထိခိုက်လျော့နည်းမှုများမရှိစေရေး၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးကြပ်မတ်ကာ ထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးသိန်းဝင်းက လယ်ယာမြေ ဥပဒေပုဒ်မ-၃၀ (ခ) အရ အခြားနည်း အသုံးပြုခွင့်လျှောက်ထားသည့် လုပ်ငန်းစာတွဲ ၁၃၅ တွဲ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် လွှဲပြောင်းပေးပို့လာသည့် စိစစ်ရန်ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်