ချမ်းအေးသာစံ ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇန်နဝါရီလ (၂၇) ရက်နေ့ မွန်းလွဲပိုင်းက ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ MSME လုပ်ငန်းများလည်ပတ်နေမှုအခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စပါးနှံတာယာစက်ရုံသို့လည်းကောင်း၊ ဓူဝံဆီစက်လုပ်ငန်းသို့ လည်းကောင်း၊ CYT ချည်စက်ရုံသို့လည်း ကောင်း၊ အောင်စိန်ချည်စက်ရုံသို့လည်းကောင်း သွားရောက်ပြီး လုပ်ငန်းများလည်ပတ်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုပြီး စက်ရုံနှင့် အလုပ်ရုံးတို့မှ တာဝန်ရှိသူများမှ ကုန်ကြမ်းမှကုန်ချောအထိ ထုတ်လုပ်မှုအဆင့်ဆင့်ကို လိုက်ပါရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ်-မန္တလေးတွင် ကျင်းပသည့် ၅၈ ကြိမ်မြောက် ကထိန်အောင်ပွဲ၊ ညဈေးပွဲတော်သို့ တက်ရောက်ပြီး ဆေးတက္ကသိုလ်-မန္တလေးပါမောက္ခချုပ်နှင့် နှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူးများ) များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကို ရင်းနှီးစွာနှုတ်ဆက်ပြီး ညဈေးပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်