မော်လမြိုင် ဇန်နဝါရီ ၂၈
ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီမှ ပေးပို့လာသည့် လူဦးရေစာရင်းများ မှန်ကန်စေရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်း(စတုတ္ထမူကြမ်း)အား Hard Copy ထုတ်၍ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကူညီရေးဆောင်ရွက်ပေးရေး ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်မှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှပေးပို့လာသည့် မွန်ပြည်နယ်အတွင်းရှိ လူဦးရေစာရင်းများအပေါ် စိစစ်တွေ့ရှိမှု အခြေအနေများ၊ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးတိုးဝင်းမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးမှ လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးဆောင်ရွက်ချက်များအားလည်းကောင်း၊ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိမှ အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ စိစစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြကာ မွန်ပြည်နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ခံများ၏ တင်ပြချက်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှ ဖြေကြားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)