လှိုင် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂ဝ၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသော စာအောင်ရဟန်းသာမဏေ၊ သီလရှင်ဆရာလေးများအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက လှိုင်မြို့နယ် ဇေယျဝတီစာသင်တိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ဩဝါဒစရိယဆရာတော် ပါဋ္ဌိပထမပြန်စာမေးပွဲကြီးကြပ်ရေး ဇေယျဝတီစာသင်တိုက်ကြီး၏ ပဓါနနာယကဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဥတ္တရ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလတရားချီးမြှင့်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အခမ်းအနားမှူးက စာအောင်သံဃာများအား လှူဒါန်းသည့် အလှူရှင်များစာရင်းကို ဖတ်ကြားလျှောက်ထားသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော ရဟန်းသာမဏေ၊ သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပထမပြန်ကြီးကြပ်ဆရာတော်များအား ၀တ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသာနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ၂၀၂၄ ခုနှစ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲဖြေဆိုအောင်မြင်တော်မူကြသော ရဟန်းသာမဏေ၊ သီလရှင်ဆရာလေးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညိုထွန်း (ပြန်/ဆက်)