မိုင်းဆတ်မြို့၌ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး‌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဘက်စုံ ပညာကို ရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားရာတွင် “ပညာရေးဌာန၏ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းစဉ်အရ ဇန်နဝါရီလသည် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာ‌ကျောင်းများ ပညာရေးစုံညီပွဲတော်ကျင်းပရမည့် အချိန်ကာလဖြစ်ပါကြောင်း၊ ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ၎င်းချစ်ကြည်ရင်းနှီးမှုဖြင့် ၂၁ ရာစုအတွင်း ပညာရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားနိုင်ရန်၊ နေရာဒေသ တစ်ခုချင်းစီ၏ ဒေသန္တရဗဟုသုတနှင့် ပတ်ဝန်းကျင်လူနေမှုဘဝကို သိရှိနားလည်ပြီး အနာဂတ်နိုင်ငံတော်အတွက် လူမှုဘဝကို ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပါ‌ကြောင်း” ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က အမှာစကားပြောကြားရာတွင် “မိုင်းဆတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်းပေါင်း (၉၅) ကျောင်း ဖွင့်လှစ် သင်ကြားလျက်ရှိပြီး အဆိုပါကျောင်းများမှ ပြုစုပျိုးထောင်မွေးထုတ်ပေးလိုက်သော ကလေးများသည် အနာဂတ်မြန်မာ့လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့် လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များ ပေါ်ထွန်းလာရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖော် ဂုဏ်ပြုနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်ရန်၊ အမျိုးသားပညာ ရည်မြင့်မားရေးလုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါ‌ကြောင်း” ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာလွင်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် တက္ကသိုလ်ဝင်တန်းအောင်ချက် အကောင်းဆုံးကျောင်းဆု၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးထွက်အောင် စွမ်းဆောင်နိုင်ဆု၊ ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲဆု၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Clean and Green ပြိုင်ပွဲဆု၊ တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးရ ထူးချွန်ဆု ရရှိသူများ၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသူများ၊ (၂၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (ပိုစတာ၊ ပန်းချီ၊ ကာတွန်း) တို့မှ ဆုရရှိသူများ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ ပညာတန်ဆောင်ရုပ်ပြကြည့်စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများ၊ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ World AIDS Day အထိမ်းအမှတ် (ပန်းချီ၊ ကာတွန်း၊ ပိုစတာ) ပြိုင်ပွဲတို့မှ ဆုရရှိသူများ၊ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတို့မှ ဆုရရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတို့မှ ဆုရရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် မြို့နယ်အဆင့် ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲတို့မှ ဆုရရှိသူများ၊ စုစုပေါင်းဂုဏ်ပြုဆု (၁၀၅) ဆုအားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် မိုင်းဆတ်မြို့နယ် ပညာရေးဌာနမှ ဆရာမများက “မမပုသိမ်သူ” သီချင်းဖြင့် ကပြဖျော်ဖြေပြီးနောက်၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက “ထာဝရမြန်မာ၊ အာခါတိုင်းရင်းသား ရိုးရာအက၊ မွန်ရိုးရာ အက၊ ကချင်ရိုးရာ အက၊ ရှမ်းရိုးရာ အက၊ နေကာမျက်မှန်၊ အလှကမ္ဘာမြေ၊  ကရင်ရိုးရာအက၊ လားဟူရိုးရာအက” စသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)