ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်းခရိုင်အဆင့်နည်းပြနှင့် ကြီးကြပ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကျိုက်ထို  ဇန်နဝါရီ ၂၈

ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်းခရိုင်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဦးက မွန်ပြည်နယ်အတွင်း စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးနောက် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့က ခွင့်ပြုခဲ့ပြီး ဗဟိုအဆင့်နည်းပြသင်တန်းကိုလည်း နေပြည်တော်တွင်ဖွင့်လှစ်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပညာရေးမှူးရုံးမှ သင်တန်းကြီးကြပ်ရေးမှူး ဆရာမကြီး ဒေါ်သိင်္ဂီစိုးမြင့်က တက်ရောက်လာသည့် နည်းပြ(၃၀)ဦးအား ကြီးကြပ်(၃)ဦးတို့က (၅)ရက်ကြာသင်တန်းပို့ချပေးမှာဖြစ်ပြီး တက်ရောက်လာသည့်နည်းပြများကလည်း စဉ်ဆက်မပြတ်ပညာရေးလုပ်ငန်းကို ဖေဖော်ဝါရီ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့ထိ စာသင်ဝိုင်း(၃၀)မှ စာသင်သား(၃၀၀)ဦးတို့အား ဆက်လက်သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သိရသည်။

ကျိုက်ထို ပြန်/ဆက်