ရန်ကုန် ဇန်နဝါရီ ၂၈
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တရုတ်နှစ်သစ်ကူးပျော်ရွှင်ဖွယ် ချိုင်းနားတောင်းပွဲစျေးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ လသာမြို့နယ် လမ်းမကြီးပေါ်၌ ကျင်းပရာ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဥက္ကာနှင့် တရုတ်ဘာသာရေးဘုံကျောင်းများမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းရင်းသူများများက အကဖြင့်လည်းကောင်း၊ တရုတ်ဘာသာရေးဘုံကျောင်းမှ လူငယ်လေးများကခြင်္သေ့အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်မှုကို ကြည်ရူအားပေးကြသည်။ ထို့နောက် တရုတ်ဘာသာရေးဘုံကျောင်းများမှ တာဝန်ရှိသူများက ဂုဏ်ပြုစကားပြေကြားကြသည်။
တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ချိုင်းနားတောင်းပွဲစျေးတွင် အလှကုန်၊ လူသုံးကုန်၊ အစားအသောက်မျိုးစုံတို့ကို စျေးဆိုင်ခန်းများဖြင့် တစ်နေရာတည်းတွင် စုံလင်စွာဖြင့် ရောင်းချရှိသည့်အပြင် ရိုးရာခြင်္သေ့၊ နဂါးအကအလှပြိုင်ပွဲများ၊ နာမည်ကျော် DJ နှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ အပျော်စီးလှေ၊ ကလေးကစားကွင်းများလည်း ပါရှိပြီး အလှဓာတ်ပုံရိုက်ရန် ဖန်တီးပေးထားကြောင်း သိရသည်။
စျေးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်မှ ဇန်နဝါရီ ၃၁ ရက်နေ့အထိ နံနက် ၇ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိလည်းကောင်း လာသာမြို့နယ် မဟာဗန္ဓုလမ်းမကြီး(လမ်းမတော်လမ်းမှ လသာလမ်းအထိ)တွင် ဆိုင်ခန်းပေါင်းများစွာဖြင့် ရောင်းချပေးလျှက်ရာ ဝယ်ယူအားပေးကြသူများဖြင့် စည်းကားလျှက်ရှိကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)