ရပ်စောက် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုနှင့်စပ်လျဉ်း၍ မီးလောင်မှု၏ သဘောသဘာဝများသိရှိနားလည်ပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်စေရန်နှင့် ဖြစ်ပွားလာပါ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ ကျောင်းသား/ကျောင်းသူများမှတစ်ဆင့် မီးသတ်ပညာရပ်များ ပြည်သူလူထုထံသို့ ပျံ့နှံစေရန်ရည်ရွယ်၍ ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ဗထူး)၊ (ECE) ကိုယ်ပိုင်အထက်တန်းကျောင်းများ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းက မီးဘေးအန္တရာယ်ဖြစ်ပွားစေနိုင်သော အကြောင်းအရာများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများအား အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဖြေဆိုကြကာ မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ရမည့် လုပ်ငန်းများ၊ မီးဘေးအန္တရာယ်အရေးပေါ် ဖြစ်ပွားလာပါကအလျင်အမြန် ဆောင်ရွက်ရမည့် မီးသတ်ဆေးဘူး အသုံးပြုနည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ ဟောပြောပွဲသို့ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၈၀၀) ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)