ဇေယျာသီရိ ဇန်နဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ပြည်စံအောင်ရပ်ကွက်၊ ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဘိမာန်တော်ကြီး၌ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဝိစိတ္တသာရအရှင်သူမြတ်နှင့် သံဃာတော်များ၊ စာအောင်သံဃာတော်များ၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်း၊ ဦးကြည်နိုင်၊ ဇေယျာသီရိမြို့နယ် သာသနာရေးမှူး ဦးဝေဖြိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဝိစိတ္တသာရအရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်များနာယူကြည်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိတ်တော်များ ချီးမြှင့်ခြင်းခံရသည့် ဆရာတော်ကြီးများအား ချီးကျူးဂုဏ်ပြုလွှာများနှင့် ပထမကြီးတန်းတွင် ငါးပါး၊ ပထမလတ်တန်းတွင် ကိုးပါး၊ ပထမငယ်တန်းတွင် ၂၈ ပါး၊ အခြေပြုမူလတန်း ၃၆ ပါးတို့အား အောင်လက်မှတ် စာအောင်ဆုငွေများ ဆက်ကပ်ခဲ့သည်။
ထို့နောက် စေတနာရှင်၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဇေယျာသီရိမြိုနယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စည်ပင်ရွာဦးကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစက္ကမထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေပေးခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)