ကွမ်းခြံကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်များဆိုင်ရာနှင့် မူးယစ်ဆေးဝါးနှင့် နောက်ဆုံးပေါ်ဆေးဝါးများအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း ဇန်နဝါရီလ ၂‌၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင်၊ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသော သဘာဝဘေးအန္တရာယ်များဆိုင်ရာနှင့် နောက်ဆုံးပေါ်ဆေးဝါးများအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဝက်ကိုက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားရာ၌ သဘာဝဘေးအန္တရာယ် မကျရောက်မီကြိုတင်ပြင်ဆင်မှု အကြောင်းအရာများ ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟိန်းက မီးဘေးအန္တရာယ်အကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍ လက်ခုပ်ကုန်းကျေးရွာ (အ-ထ-က)ကျောင်းခန်းမ၌ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးဇော်ဝင်းက မူးယစ်ဆေးဝါးနှင့် နောက်ဆုံးပေါ်ဆေးဝါးများ အန္တရာယ်အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း တိုက်နယ်ဆေးရုံ၌ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ဆရာဝန်ကြီး D.r မို့မို့ကျော်မှ သားဆက်ခြားနည်းလမ်း အသိပညာပေး ဟောပြောပြီး၊ တွံတေးခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက ကိုယ်ဝန်ဆောင်မိခင်များအား ငှက်ပျောသီး၊ ကြက်ဥအာဟာရများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲသို့ တွံတေးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးမြင့်စိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးသန္တာစိုး၊ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)