ဒလ ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ကျောင်းသူများအား ကျောင်းတွင်းနေ့လယ်စာအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့မ(၄)ရပ်ကွက်ရှိ အ.မ.က(၁၆)အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.မ.က(၁၆) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် KG ကျောင်းသား၊ ကျောင်းသူ(၄၃)ဦး၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ(၁၂၂) ဦး စုစုပေါင်း KG ကျောင်းသား၊ ကျောင်းသူ (၁၆၅)ဦးတို့အား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောသန့်စင်ပေးပြီး အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့် ရေဓါတ်စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် ထမင်း၊ ကြက်သားဟင်း၊ ကုလားပဲဟင်း၊ ဟင်းသီးဟင်းရွက်၊ မြေပဲလှော်စသည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြသည်။
အဆိုပါကျောင်းတွင်း နေ့လယ်စာအာဟာရကျွေးမွေးရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေလှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး၊ ပညာရေးစစ်ကြောင်းမှအဖွဲ့၀င်များ၊ မြို့နယ် မြို့မိမြို့ဖဦးကျော်မြင့်ဦးနှင့် ကျန်းမာရေး၀န်ထမ်းများက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ခင်စန္ဒာမြင့် (ပြန် /ဆက်)