ဇေယျာသီရိ ဇန်နဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြိုနယ်၊ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြပွဲများ၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ကလေးငယ်များအား ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီးပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ဆုများအသီးသီးချီးမြှင့်ပေးအပ် ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)