ကော့မှူး ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ရွာတန်းရှည်ကျေးရွာ၊ ရေဖြူတွင်းကျေးရွာ၊ ကြာကန်ကျေးရွာများတွင် ယနေ့နံနက်က ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်တို့က သက်ဆိုင်ရာစာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာများအလိုက် နွေသီးထပ်များ လျာထားချက်အတိုင်း စိုက်ပျိုးရေးကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေး၊ လုံခြုံရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများဖြစ်သည့် ကျေးရွာချင်းဆက်လမ်းကိစ္စများ၊ ချောင်းကောမြောင်းကောများ တူးဖော်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများ ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ကျော်သူရ