ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဝိမလဓမ္မနာဒ(ဓာတ်လယ်) ကျောင်းတိုက် ဆရာတော်ကြီးအား ဖူးမြော်၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်၊ တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ တက်ရောက်

စစ်တွေ ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဝိမလဓမ္မနာဒ(ဓာတ်လယ်) ကျောင်းတိုက် ဆရာတော်ကြီးအားဖူးမြော်ပြီး ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကာ ခိုင်သဇင်ခန်းမ၌ ကျင်းပသော တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဝိမလဓမ္မနာဒ(ဓာတ်လယ်) ကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟာကမ္မာဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဝိမလဓမ္မနာဒ (ဓာတ်လယ်) ကျောင်း တိုက်ဆရာတော်ကြီးထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပသော ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်သည် ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်နက်၊ မရမာကြီး၊ ကမန်စသည့်မျိုးနွယ်စု(၇)မျိုးအပြင် ချင်းတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများလည်း အတူတကွစုပေါင်းညီညွတ်စွာ နေထိုင်ကြသည့်ပြည်နယ် တစ်ခုဖြစ်ကြောင်း၊ မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ ကိုးကွယ်သည့် ဘာသာများရှိကြသော်လည်း အတူပေါင်းစည်း နေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်းချက်၊ ဦးတည်ချက်နှင့်အညီ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ယခုကဲ့သို့သက်မွေးဝမ်းကျောင်းပညာရပ်များကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေတို့ဖြင့် စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ အသက်မွေးပညာ သင်တန်းများကို အခမဲ့ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာသည်နှင့်အမျှ စားဝတ်နေရေးဖူလုံမှုရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအထိ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း စက်ချုပ်ပညာရပ်ကို (၁) လကြာ လေ့လာသင်ကြားခဲ့ပြီးဖြစ်၍ ဘဝအတွက် အသုံးဝင်သော ပညာရပ်တစ်ခုကို ရရှိကြပြီဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ယခုသင်တန်းသည် ဒေသခံတိုင်းရင်းသားလူငယ်များ၏ ကိုယ့်မိသားစုသက်သာ ချောင်ချိရေးအတွက် တစ်ဖက်တစ်လမ်းမှဝင်ငွေရရှိစေရန်၊ ကိုယ်ပိုင်အသေးစား၊ အလတ်စားလုပ်ငန်းများ ထူထောင်နိုင်စေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စက်ချုပ်ပညာရပ်ကို သင်ယူတတ်မြောက်ခြင်းဖြင့် မိမိမိသားစုဝင်ငွေ တိုးမြှင့်လာမည့်အပြင် မိမိဒေသနှင့် မိမိနိုင်ငံတော်အတွက်ပါ ဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် သင်တန်းသူများ အနေဖြင့်လည်း ယခုသင်တန်းမှစ၍ အနာဂတ်မှာ ပိုမိုထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားကြရန် သင်တန်းဆင်း  အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပထမဆုရရှိသော သင်တန်းသူအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့်အပ်ချုပ်စက် (၁) လုံးအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ဒုတိယဆုရရှိ သောသင်တန်းသူအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က တတိယဆုရရှိသောသင်တန်းသူအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေအား လည်းကောင်းပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နှစ်သိမ့်ဆုရရှိသော သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာမများတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။

ထို့နောက် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်း ဆောင်ရွက်ချက်များ ဗီဒီယိုမှတ်တမ်းအား ပြသပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါခန်းမ၌ နေပြည်တော်၌ကျင်းပမည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်ပွဲတော်တွင် သွားရောက်ဖျော်ဖြေကြမည့် ရခိုင်ပြည်နယ် ကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ခန်းမအတွင်း၌ အခြေခံစက်ချုပ်သင်တန်းမှ သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသော အဝတ်အထည်များ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)