ပျော်ဘွယ် ဇန်နဝါရီ ၂၇
ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းပဒေများ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရမည်းသင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများကို ကျယ်ပြန့်စွာ သိရှိရန်လိုအပ်ခြင်းကြောင့် ယခုလိုရှင်းလင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရွာမိရွာဖများအနေဖြင့် မိမိနေရပ်သို့ ပြန်လည်ရောက်ရှိပါက ထပ်ဆင့်ရှင်းလင်းဆွေးနွေးနိုင်ရေးတို့ကို ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးမှ ယနေ့အချိန်အထိ ပြည်သူ့စစ်မှုထမ်းဆောင်နိုင်ရန် ဆင့်ခေါ်ခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်အေးမြသီတာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရပ်ကွက်နှင့်ကျေးရွာများမှ အုပ်စုအုပ်ချုပ်ရေးမှူများ၊ ရွာမိရွာဖများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)