ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ရွှေမိုက်လေလံတင်ရောင်းချပွဲအခမ်းအနား ကျင်းပ

ညောင်ဦး ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်ရှိ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ရွှေမိုက်လေလံတင်ရောင်းချခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်က လောကနန္ဒာစွယ်တော်မြတ်စေတီရင်ပြင်တော် တန်ဆောင်းတော်တွင် လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပခဲ့သည်။

လောကနန္ဒာစွယ်တော်မြတ်စေတီ ရွှေမိုက်လေလံတင်ရောင်းချခြင်းအခမ်းအနား၌ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကားပြောကြားပြီး၊ အဆောက်အဦအထူးအဖွဲ့(၇)၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှမိုးဇော်က ရွှေမိုက်လေ လံစည်းကမ်းချက်များအား ပြောကြားကာ ရွှေမိုက်လေလံတင်ရောင်းချပွဲအခမ်းအနား စတင်ကျင်းပခဲ့ကြောင်း သိရသည်။ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူဒါန်းမည်ဖြစ်ရာ ရှစ်မြှောင့်ကြာခံနှစ်ဆင့်မှခရေသီးအထိ ရွှေမိုက်များကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချခဲ့ပြီး နိုင်ငံပိုင်သတင်းစာများတွင် (၁၄) ရက်ကြာ ကြေငြာပြီး ယနေ့ လေလံတင်ရောင်းချခဲ့ရာ ဈေးပြိုင်လေလံပွဲသို့ (၂၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျပ်သိန်း (၃၂၀၀၀၀၀၀၀)ဖြင့် ရွှေမိုက်လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း