မြစ်သားမြို့နယ် ကျီတော်ကုန်းမူလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

မြစ်သား ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျီတော်ကုန်း မူလွန်ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျီတော်ကုန်းမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်ရေးရာဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် မြစ်သားမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး ဇော်မင်းထွေးက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေး၏ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများကို ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရန်၊ ရှောင်ရန်များနှင့် မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်သင့်သည့် လုပ်ငန်းစဥ်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး စာအုပ်စာစောင်များကို ကျီတော်ကုန်း မူလွန်ကျောင်းစာကြည့်တိုက်အတွက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာဟောပြောပွဲသို့ မြစ်သားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော်မင်းထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်မင်းကျော် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေကြည်နှင့် အဖွဲ့ဝင်များမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျီတော်ကုန်း မူလွန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့ အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ် စာစောင်နှင့် ဒေသတွင်းလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)